အပိုင်း (၅) - အမှောင်မိုက်ဆုံး ညဉ့်ယံနှင့် မျှော်လင့်ချက် အရုဏ်ဦး

ဦးသီဟ၏ အိပ်ခန်းကျယ်ကြီးထဲတွင် အလင်းရောင် ကင်းမဲ့နေသည်။ မီးမဖွင့်ထားသော ထိုအခန်းထဲတွင် သူသည် ကြမ်းပြင်ပေါ်၌ အားအင် ကုန်ခမ်းစွာ ထိုင်ချနေမိသည်။ သူ၏ ဘဝ တစ်လျှောက်လုံး တည်ဆောက် ခဲ့သမျှသော ဂုဏ်သိက္ခာ၊ သီလနှင့် ကုသိုလ်တရားများ အားလုံးသည် သဲထဲ ရေသွန်သကဲ့သို့ အချည်းနှီးဖြစ်သွားပြီ ဆိုသော အသိက သူ့ကို အသက်ရှူ ကျပ်စေသည်။ မိမိကိုယ်ကို သူတော်စင်တစ်ဦးဟု ထင်မှတ်ထားခဲ့သမျှသည် အမှန်တကယ်တော့ မာနနှင့် အတ္တများကို ဖုံးကွယ်ထားသော မျက်နှာဖုံး တစ်ခု သာ ဖြစ်ကြောင်း သိလိုက်ရသည့် အချိန်တွင် သူ၏ ရင်ထဲ၌ နက်ရှိုင်းသော အမှောင်ထုကြီး တစ်ခု ကျဆင်းလာခဲ့ပြီ ဖြစ်သည်။

ထိုအချိန်တွင် ရင်းနှီးနေပြီ ဖြစ်သော ထိုအေးစက်စက် လေပြေက အခန်းထဲတွင် ပြန်လည် လွင့်ပျံလာသည်။ ဒီတစ်ကြိမ်တွင်မူ ရယ်မောသံ မဟုတ်တော့ဘဲ အလွန် သနား ကရုဏာ သက်ဟန်ပေါက်နေသော တီးတိုးသံ တစ်ခုက သူ၏ နားထဲသို့ တိုးဝင်လာသည်။

"မင်း တော်တော်လေး ပင်ပန်းနေပြီပဲ သီဟ။ မင်းရဲ့ ဘဝ တစ်ခုလုံးက အတုအယောင်တွေချည်းပဲလေ။ အခုတော့ အားလုံး ပြီးဆုံးသွားပါပြီ။ မင်း လှူခဲ့သမျှ၊ ဝတ်ပြုခဲ့သမျှဟာ ဘာအကျိုးမှ မရှိတော့ဘူး။ ဖန်ဆင်းရှင်က မင်းလို ဟန်ဆောင်တဲ့ လူလိမ် တစ်ယောက်ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး။ မင်းအတွက် လမ်းဆုံးသွားပြီ။ ကြိုးစားပြီး နောင်တမရနေပါ နဲ့တော့… အားလုံးက နောက်ကျသွားခဲ့ပြီ။"

ထိုစကားလုံးများသည် ရှိုင်သွာန်၏ နောက်ဆုံးနှင့် အသေအချာဆုံး သော လက်နက် ဖြစ်သည်။ အပြစ်လုပ်မိသူ တစ်ယောက်ကို "နောင်တရခွင့် မရှိတော့ဘူး၊ အရာအားလုံး ဆုံးရှုံးသွားပြီ" ဟု မျှော်လင့်ချက် ဖြတ်တောက် လိုက်ခြင်းသည် လူသားတစ်ယောက်ကို အပြီးတိုင် ဖျက်ဆီးပစ်ရန် အလွယ်ကူ ဆုံးသော နည်းလမ်း ဖြစ်သည်။ ဦးသီဟသည် ထိုစကားများကို ယုံကြည်လု နီးပါး ဖြစ်သွားသည်။ တုန်ယင်နေသော သူ၏ လက်များထဲမှ စိပ်ပုတီးသည် ကြမ်းပြင်ပေါ်သို့ 'ခလောက်' ဟူသော အသံနှင့် အတူ ကျဆင်းသွားသည်။ "ဟုတ်တယ်... ငါက အပြစ်ကောင်ကြီးပါ။ ငါ့အတွက် ဘယ်တော့မှ ခွင့်လွှတ်မှု ရနိုင်တော့မှာ မဟုတ်ဘူး" ဟူသော အတွေးက သူ၏ စိတ်ဝိညာဉ်ကို အောက် ဆုံးအထိ ဆွဲချသွားတော့သည်။

သို့သော် ပုတီးစေ့လေးများ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားသော အသံက သူ၏ လွင့်မျောနေသော သတိတရားကို ရုတ်တရက် လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ တစ်ချိန်က သူ ဖတ်ရှု မှတ်သားခဲ့ဖူးသော ဘာသာရေး အဆုံး အမ တစ်ခုက သူ၏ မှောင်မိုက်နေသော ဦးနှောက်ထဲတွင် လျှပ်စီးလက် သကဲ့သို့ လင်းလက်လာသည်။

"ဖန်ဆင်းရှင်၏ ကရုဏာတော်သည် အသင်တို့၏ အပြစ် အားလုံးထက် ကြီးမားလှပေသည်။ သောင်ဗဟ်၏ တံခါး သည် နောက်ဆုံး အချိန်အထိ အမြဲတမ်း ပွင့်လျက်ရှိ၏။ မျှော်လင့်ချက် ကင်းမဲ့ခြင်း သည်သာ လျှင် ယုံကြည်မှုမဲ့ခြင်း၏ ပြယုဂ်ဖြစ်သည်။"

ထိုအသိတရား ဝင်လာသည်နှင့် တစ်ပြိုင်နက် ဦးသီဟသည် နေရာမှ ရုတ်တရက် ထထိုင်လိုက်သည်။ ရှိုင်သွာန်၏ အကြီးမားဆုံး အကွက်မှာ သူ့ကို အပြစ်လုပ်စေရုံသာမက ဖန်ဆင်းရှင်၏ ကရုဏာတော်ကိုပါ မယုံကြည်တော့ အောင် မျှော်လင့်ချက် ရိုက်ချိုးပစ်ခြင်း ဖြစ်ကြောင်း သူ အသေအချာ သဘော ပေါက်သွားလေပြီ။ သူသည် အရှုံးမပေးနိုင်ပါ။ သူ၏ မာနများကို အပြီးတိုင် ချွတ်ချကာ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။ ကင်မရာမီးရောင်များ မရှိ၊ သတင်းထောက်များ မရှိ၊ ချီးမွမ်းမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိသော ဤအမှောင်တိတိ အခန်းထဲတွင် သူသည် ပထမဆုံးအကြိမ် အဖြစ် သူ၏ နဖူး ကို ကြမ်းပြင်နှင့် ထိကာ ဖန်ဆင်းရှင် ရှေ့မှောက်တွင် အောက်ကျို့စွာ စဂျ်ဒဟ် ဦးချလိုက်သည်။

"အို…အလ္လာဟ်၊ ကျွန်တော်မျိုး မှားခဲ့ပါတယ်။ ကျွန်တော်မျိုးရဲ့ မာန်မာနတွေ၊ ဟန်ဆောင်မှုတွေနဲ့ အတ္တတွေအတွက် အကြွင်းမဲ့ ခွင့်လွှတ် တော်မူပါ။ ကျွန်တော်မျိုးဟာ ဘာမှ မဟုတ်တဲ့ သာမန် လူသားတစ်ယောက်ပဲ ဖြစ်ပါတယ်..."

ဦးသီဟ၏ နှုတ်မှ ထွက်ကျလာသော စကားလုံးများသည် အလှဆင် ထားသော စာသားများ မဟုတ်တော့ဘဲ နှလုံးသား အောက်ခြေမှ လှိုက်တက် လာသော စစ်မှန်သည့် စကားလုံးများ ဖြစ်သည်။ နောင်တမျက်ရည်များကျကာ ငိုကြွေးနေမိသည်။ ထိုငိုကြွေးမှုသည် အရှက်ရခြင်းကြောင့် ငိုခြင်းမဟုတ်ဘဲ  မိမိ၏ အားနည်းချက်ကို ရိုးသားစွာ ဝန်ခံလိုက်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် အခန်းထဲ၌ အုံ့ဆိုင်းနေသော အေးစက်စက် လေထုမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ဦးသီဟ၏ ရင်ထဲတွင် နေရာယူထား သော ထိတ်လန့်မှုနှင့် မျှော်လင့်ချက်မဲ့ခြင်းများ၏ နေရာတွင် နွေးထွေးသော ငြိမ်းချမ်းမှု တစ်ခုက အစားထိုး ဝင်ရောက်လာသည်။ ရှိုင်သွာန်၏ အပြုံးသည် စစ်မှန်သော နောင်တတရား ရှေ့တွင် အပိုင်းပိုင်း အစစ ကွဲကြေသွားခဲ့ပြီ ဖြစ် သည်။ မည်မျှပင် လမ်းလွဲခဲ့ပါစေ၊ ရိုးသားစွာ ပြန်လှည့်လာသော နှလုံးသား တစ်စုံကို မည်သည့် အမှောင်ထုကမှ မဖမ်းဆုပ်ထားနိုင်ကြောင်းကို ယခုမှသာ သူ လက်တွေ့ ခံစားလိုက်ရသည်။

နောက်တစ်နေ့ နံနက် အရုဏ်တက်ချိန်တွင် ဦးသီဟသည် အခန်းပြင် သို့ ထွက်လာခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် ယခင်ကကဲ့သို့ ဟန်ဆောင် တည် ငြိမ်မှုများ မရှိတော့ပေ။ ပင်ပန်းနွမ်းနယ်နေသော်လည်း အေးချမ်းနေသည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေသည်။ သူ ပထမဆုံး လုပ်မည့် အလုပ်မှာ အိမ်အကူ ကောင်မလေး မေသဇင်ကို ရှာဖွေပြီး ငွေကြေးဖြင့် မဟုတ် ဘဲ သူ၏ စစ်မှန်သော နှလုံးသားဖြင့် ကျေကျေနပ်နပ် တောင်းပန်ရန်ဖြစ်သည်။ ထို့နောက် ရုံးသို့သွားကာ ကိုမြိုင့်အတွက် လိုအပ်နေသော ဆေးရုံစရိတ် အပြည့် အဝကို မည်သူ့ကိုမျှ အသိမပေးဘဲ တိတ်တဆိတ် ကူညီပေးတော့မည် ဖြစ် သည်။

ဦးသီဟသည် အိမ်ရှေ့ ဝရန်တာသို့ ထွက်ကာ နံနက်ခင်း၏ နေရောင် ခြည်ကို ခံယူလိုက်သည်။ ခပ်ဝေးဝေးမှ ကြားနေရသော ငှက်ကလေးများ၏ အသံက သူ၏ ဘဝသစ်အတွက် ဆုတောင်းမေတ္တာ ပို့သနေသယောင် ရှိသည်။ မှန်ပါသည်။ လောကီဇာတ်ခုံပေါ်တွင် လူသားတို့သည် အမြဲတမ်း အမှားများနှင့် ကင်းလွတ်နိုင်မည် မဟုတ်ပေ။ သို့သော် မိမိ၏ အမှားကို သိမြင်ပြီး မာနကို ခဝါချကာ ပြင်ဆင်ရဲသည့် အချိန်တိုင်းတွင် ‘ရှိုင်သွာန်၏ အပြုံး’ သည် အကြိမ်ကြိမ် အရှုံးပေးရမည်သာ ဖြစ်ကြောင်း ဦးသီဟ တစ်ယောက် ရင်ဝယ် တွင် နက်နက်ရှိုင်းရှိုင်း မှတ်ယူထားလိုက်ပါတော့သည်။

ဦးသီဟရဲ့ ဇာတ်လမ်းလေးကတော့ ပြီးသွားပါပြီ။ နောက်ထပ် အခန်းတွေမှာ ဘယ်လို မတူညီတဲ့ ဇာတ်ကောင်၊ ဇာတ်ကွက်အသစ်တွေနဲ့ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာမလဲဆိုတာရော မသိချင်ကြဘူးလား?

ဇာတ်လမ်းကို နှစ်သက်ပါသလား။

စာရေးသူကို အားပေးတဲ့အနေနဲ့ စာအုပ်ကို ဝယ်ယူပြီး အပြည့်အစုံ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

စာအုပ်ဝယ်ယူရန်
End of Available Chapters
7 of 7