အပိုင်း (၄) - အတုအယောင် ဝတ်ရုံ

ည၏ တိတ်ဆိတ်မှုသည် ဦးသီဟအတွက်တော့ ပြင်းထန်သော နှိပ်စက်မှု တစ်ခု ဖြစ်နေခဲ့သည်။ မနေ့ညက အဖြစ်အပျက်များကြောင့် သူ တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ အရုဏ်ဦးအချိန် ‌ရောက်သောအခါ သူသည် မိမိ၏ စိတ်မလုံခြုံမှုကို ဖုံးကွယ်ရန်အတွက် ဝူဒူပြုလိုက်သည်။ ထို့နောက် ပုံမှန်ထက် ပို၍ အချိန်ယူပြီး  ဆွလားဟ်ဝတ်ပြုမည်ဟု ရည်စူးပြီး အခင်းပေါ်သို့ တက်ကာ ဆွလားဟ်ဝတ်ပြုလေတော့သည်။ နှုတ်မှ ကျမ်းမြတ်ကုရ်အာန်ကို အကြိမ်ကြိမ် ရွတ်ဖတ်နေသော်လည်း သူ၏ ရင်ထဲတွင်မူ စစ်မှန်သော ငြိမ်းချမ်းမှုကို မခံစားရပေ။ "ငါက သူတော်ကောင်းပါ။ မနေ့က ဖြစ်ရပ်က လူတိုင်း ဖြစ်တတ်တဲ့ သာမန် အမှားလေးတစ်ခုပါ" ဟု မိမိကိုယ်ကို ဆင်ခြေ ပေးကာ ဖြေသိမ့်နေမိသည်။

ဆွလားဟ်ဝတ်ပြုပြီးနောက် သူ၏ ကိုယ်ကျင့်တရား ပြည့်ဝကြောင်း မိမိကိုယ်ကို ပြန်လည်သက်သေပြရန် သူ နည်းလမ် တစ်ခု စဉ်းစားလိုက်သည်။ အိမ်အကူကောင်မလေး မေသဇင်ကို ဧည့်ခန်းသို့ ခေါ်လိုက်သည်။ ကလေးမ လေးသည် ယမန်နေ့က အဖြစ်အပျက်ကြောင့် မျက်လွှာချကာ ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် ရပ်နေသည်။ ဦးသီဟသည် သူ၏ ပိုက်ဆံအိတ်ထဲမှ တန်ဖိုးကြီး ငွေစက္ကူ အသစ်စက်စက်များကို ထုတ်ကာ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။

"ရော့… မေသဇင်။ ဒါ မင်းအတွက် ငါ သက်သက် ချီးမြှင့်တာ။ မနေ့ က ကိစ္စကိုလဲ စိတ်ထဲ မထားနဲ့တော့။ အပြင်မှာလဲ ဘာမှ လျှောက်မပြောနဲ့။ သွားတော့…"

မေသဇင်က ငွေများကို ယူကာ ကျေးဇူးတင်စကား ဆိုပြီး အမြန်ထွက် သွားသည်။ ထိုအခါမှသာ ဦးသီဟ၏ ရင်ထဲတွင် အလုံးကြီး တစ်လုံး ကျသွား သကဲ့သို့ သက်သာရာ ရသွားသည်။ "ကြည့်စမ်း၊ ငါ ဘယ်လောက် သဘောထား ကြီးလိုက်သလဲ။ အောက်ခြေသိမ်း ကလေးမလေး တစ်ယောက်ကိုတောင် ဒီလောက် ငွေတွေ အများကြီး ပေးပြီး စောင့်ရှောက်တာ" ဟူသော အတွေးက သူ၏ ဦးနှောက်ထဲသို့ ချက်ချင်း ဝင်ရောက်လာသည်။ မိမိ၏ အမှားကို ငွေဖြင့် ဖုံးအုပ်လိုက်နိုင်ပြီဟု သူ ယုံကြည်သွားသည်။

သို့သော် ထိုကျေနပ်မှုသည် စက္ကန့် အနည်းငယ်မျှပင် မခံလိုက်ပါ။ ဧည့်ခန်း၏ ထောင့်ကျကျ နေရာမှ လေအေး တစ်ချက် ဖြတ်တိုက်သွားပြီး ရင်းနှီးနေသော တီးတိုး ရယ်မောသံကို သူ ထပ်မံ ကြားလိုက်ရပြန်သည်။

"အံ့ဩစရာ ကောင်းလိုက်တဲ့ စေတနာပါလား သီဟ… ဒါပေမဲ့ မင်းရဲ့ နှလုံးသားက ပိုပြီး မည်းချိပ်သွားပြီ ဆိုတာ မင်း မသိလိုက်ဘူးလား"

အသံသည် သူ့နားထဲတွင် တိုက်ရိုက် ကြားနေရသကဲ့သို့ ရှင်းလင်း လွန်းလှသည်။ ဦးသီဟ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားသည်။

"မင်းက တောင်းပန်ရမှာကို ရှက်နေတာလေ။ မင်းရဲ့ မာနက ကလေး မလေး တစ်ယောက်ကို ‘ငါ မှားသွားပါတယ်’လို့ ဝန်မခံရဲဘူး။ အဲဒီအစား မင်းရဲ့ ဂုဏ်သိက္ခာကို ငွေနဲ့ ပြန်ဝယ်လိုက်တာပဲ။ မင်း ပေးလိုက်တဲ့ ငွေတွေက ကရုဏာကြောင့် ပေးတာမဟုတ်ဘူး။ မင်းရဲ့ အတ္တကို ဖုံးကွယ်ဖို့ ပေးလိုက်တဲ့ လာဘ်ငွေတွေပဲ။ နိယဟ်ရည်စူးချက် မမှန်ကန်တဲ့ ကောင်းမှုတိုင်းဟာ ငါ့ အတွက်တော့ အလှပဆုံး ပန်းခင်းကြီးတွေပဲလေ..."

ထိုစကားလုံးများသည် ဦးသီဟ၏ ရင်ဘတ်ကို ဓားဖြင့် ထိုးခွဲလိုက် သကဲ့သို့ နာကျင်သွားစေသည်။ မှန်ပေသည်။ သူ မေသဇင်ကို ငွေပေး လိုက်ခြင်းမှာ သနား၍ မဟုတ်ဘဲ ယမန်နေ့က သူ၏ ရုပ်ဆိုးလှသော အပြုအမူ ကို ဖုံးကွယ်ရန်နှင့် "ငါဟာ လူကောင်းပါ" ဟု မိမိကိုယ်ကို လှည့်စားရန် သက် သက်သာ ဖြစ်သည်။

ကောင်းမှုကုသိုလ် တစ်ခု ပြုလုပ်ရာတွင် အရေးအကြီးဆုံးမှာ "မည်သည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သနည်း" ဆိုသည့် အချက် ဖြစ်သည်။ လူမြင်ကောင်းအောင် ဝတ်ပြုခြင်း၊ သူတစ်ပါး ချီးမွမ်းခံချင်၍ အလှူဒါန ပြုခြင်း၊ မိမိ၏ အပြစ်ကို ဖုံးကွယ်လို၍ ပေးကမ်းခြင်းများသည် အပေါ်ယံတွင် ကောင်းမှုဟု ထင်ရသော်လည်း အနှစ်သာရအားဖြင့် အတုအယောင်များသာ ဖြစ်သည်။ ရှိုင်သွာန်သည် သူ့ကို မကောင်းမှုများ ပြုလုပ်ရန် မတိုက်တွန်း တော့ပေ။ ထိုအစား သူပြုလုပ်နေသော ကောင်းမှုများကို ရည်ရွယ်ချက် ပြောင်း လဲသွားစေရန် အဆိပ်ခတ်လိုက်ခြင်းသာ ဖြစ်သည်။

ဦးသီဟသည် သူ၏ လက်ထဲတွင် ကိုင်ထားသော စိပ်ပုတီးကို ငုံ့ကြည့် လိုက်သည်။ တစ်သက်လုံး ကိုင်တွယ်လာခဲ့သော ထိုပုတီးကုံးသည် ယခုအခါ အလွန် လေးလံသော သံကြိုး တစ်ကုံးသဖွယ် ဖြစ်နေသည်။ သူ၏ ဘဝ တစ် လျှောက်လုံး တည်ဆောက်ခဲ့သော အလှူဒါနများ၊ ဝတ်ပြုမှုများသည် ဖန်ဆင်းရှင်အတွက် သက်သက် မဟုတ်ဘဲ သူ၏ ဂုဏ်ပကာသနနှင့် မာန အတွက်သာ ဖြစ်နေခဲ့သည်ကို ကွက်ကွက်ကွင်းကွင်း မြင်လာရသည်။

သူ၏ ဘဝ တစ်ခုလုံးသည် ကောင်းမှု အယောင်ဆောင်ထားသော အတုအယောင် ဝတ်ရုံကြီး တစ်ခုသာ ဖြစ်နေကြောင်းကို ရက်စက်စွာ နားလည် လိုက်ရချိန်တွင် ဦးသီဟ၏ မျက်ဝန်းများမှ ပထမဆုံးအကြိမ် အဖြစ် စစ်မှန် သော မျက်ရည်များ စီးကျလာခဲ့သည်။ သို့သော် ထိုမျက်ရည်များသည် နောင်တမျက်ရည်လော၊ သို့မဟုတ် အရာအားလုံး ဆုံးရှုံးသွားပြီဟု ခံစား ရသော မျှော်လင့်ချက်မဲ့ခြင်း၏ အစပျိုးမှုလော ဆိုသည်ကိုတော့ မမြင်ရသော အရိပ်မည်းကြီးကသာ ကျေနပ်စွာဖြင့် စောင့်ကြည့်နေတော့သည်။

6 of 7