အပိုင်း (၂) - ကင်မရာမီးရောင် ကွယ်ပျောက်သွားသောအခါ
နောက်တစ်နေ့ နံနက်ခင်းသည် ဦးသီဟအတွက်တော့ အောင်ပွဲခံသည့် နေ့တစ်နေ့နှင့် တူနေသည်။ သူ၏ ဧည့်ခန်းကျယ်ကြီးထဲရှိ စကျင်ကျောက် စား ပွဲဝိုင်းပေါ်တွင် သတင်းစာများနှင့် ဂျာနယ်များ ပြန့်ကျဲနေသည်။ မျက်နှာ ဖုံးတိုင်းတွင် သူ၏ ပုံရိပ်ကို အထင်အရှား တွေ့ရသည်။ "လူမှုအကျိုးပြု စေတနာရှင် ဦးသီဟ၏ သိန်းရာချီ တန်ဖိုးရှိသော လှူဒါန်းမှု" ဆိုသည့် ခေါင်းစဉ် များကို ဖတ်လိုက်ရတိုင်း သူ၏ ရင်ထဲတွင် ကြည်နူးမှု လှိုင်းတံပိုးများ တစ်ပတ် ပြီး တစ်ပတ် ရိုက်ခတ်နေခဲ့သည်။ ကော်ဖီခွက်ကို ကိုင်ထားသော သူ၏ လက် ချောင်းများက သတင်းစာပေါ်ရှိ သူ၏ ဓာတ်ပုံကို ဖြည်းညှင်းစွာ ပွတ်သပ် လိုက်မိသည်။
ထိုနေ့ နံနက်ပိုင်း ဆွလားဟ်ဝတ်ပြုရာတွင်လည်း သူ၏ စိတ်အာရုံ သည် တည်ငြိမ်မှု မရှိခဲ့ပေ။ နှုတ်မှ ကျမ်းမြတ်ကုရ်အာန်ကို ရွတ်ဖတ်နေသော် လည်း စိတ်ကမူ လူမှုကွန်ရက်ပေါ်တွင် သူ့ကို ချီးကျူးနေမည့် မှတ်ချက် (ကောမန့်) များကိုသာ မှန်းဆနေမိသည်။ ဆွလားဟ်ဝတ်ပြုခြင်း ဆိုသည်မှာ ဖန်ဆင်းရှင်နှင့် မိမိကြားရှိ တိတ်ဆိတ်သော ဆက်သွယ်မှု တစ်ခု ဖြစ်သည်ကို သူ မေ့လျော့နေခဲ့ပြီ ဖြစ်သည်။ သူ့အတွက်မူ ဘာသာရေးဆိုသည်မှာ လူ့အသိုင်းအဝိုင်းကြားတွင် သူ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးသော တန်ဆာ ပလာ တစ်ခုသဖွယ် ဖြစ်လာနေသည်ကို သူကိုယ်တိုင်ပင် ဝန်မခံရဲလောက် အောင် အသိဉာဏ်များ ဖုံးလွှမ်းခံထားရသည်။
ကုမ္ပဏီရုံးခန်းသို့ ရောက်သောအခါ ဝန်ထမ်းများ၏ အလေးအမြတ် ပြု ဆက်ဆံမှုက ယခင်နေ့များထက် ပိုမို သိသာနေသည်။ သူ၏ ခြေလှမ်းများ က ပို၍ လေးနက် တည်ကြည်လာပြီး မျက်နှာပေါ်တွင်လည်း မေတ္တာရှင်ကြီး တစ်ဦး၏ အမူအရာကို အတတ်နိုင်ဆုံး ဖန်တီးထားလိုက်သည်။ သို့သော် ထို ဟန်ဆောင်မှုများက ကြာရှည် မခံခဲ့ပါ။ နံနက် ဆယ်နာရီခန့်တွင် သူ၏ ရုံးခန်းထဲသို့ စာရေးကြီး ကိုမြိုင် ဝင်လာသည်။ ကိုမြိုင်သည် ကုမ္ပဏီတွင် အလုပ်လုပ်နေသည်မှာ ဆယ်နှစ်ကျော်ပြီ ဖြစ်သော်လည်း ရိုးသားလွန်းပြီး အနေအထိုင် ကျုံ့လွန်းသူ ဖြစ်ရာ နေရာမရဘဲ သာမန် စာရေးအဆင့်မှာပင် ရှိနေသေးသူ ဖြစ်သည်။
"သူဌေး... ပြောစရာလေး ရှိလို့ပါဗျာ။ ကျွန်တော့် မိန်းမ ရုတ်တရက် အူအတက်ပေါက်လို့ ဆေးရုံတင်လိုက်ရလို့ပါ။ ခွဲစိတ်စရိတ်လေး မလောက်လို့ ကုမ္ပဏီကနေ လစာကြိုထုတ်ခွင့်လေးများ ရနိုင်မလားလို့..."
ကိုမြိုင်၏ အသံသည် တုန်ယင်နေပြီး မျက်လုံးများထဲတွင် မျှော်လင့် ချက်နှင့် စိုးရိမ်မှုများ ရောယှက်နေသည်။ သို့သော် ဦးသီဟ၏ မျက်မှောင် များက ချက်ချင်း တွန့်ရှုံသွားသည်။ မနေ့ကမှ သိန်းရာချီ လှူဒါန်းခဲ့သော သူသည် ယခုအခါ ပမာဏ အနည်းငယ်မျှကို တောင်းဆိုလာခြင်း အပေါ် စိတ်ထဲတွင် ကရုဏာ မသက်မိသည့်အပြင် အနှောင့်အယှက် တစ်ခုကဲ့သို့ပင် ခံစားလိုက်ရသည်။ ကင်မရာမီးရောင်များ မရှိ၊ သတင်းထောက်များ မရှိ၊ လက်ခုပ်တီးမည့် ပရိသတ် မရှိသော ဤလုံခြုံရေး မှန်ခန်းထဲတွင် သူ့အတ္တက သူ့၏အတုယောင် မျက်နှာဖုံးကို ခွာကျလိုက်သည်။
"ကိုမြိုင်… ခင်ဗျားတို့ကလဲ ပြဿနာ တစ်ခုခုဆို ကျွန်တော့်ချည်းပဲ လာလာပူဆာနေကြတယ်။ ကုမ္ပဏီမှာ စည်းကမ်းဆိုတာ ရှိတယ်။ လစာကြို ထုတ်ခွင့် ဆိုတာ ဌာနမှူးတွေ အဆင့်မှ ရတာလေ။ ခင်ဗျားတို့ကို တစ်ယောက် လျှော့ပေါ့ပေးလိုက်ရင် နောက်လူတွေပါ အကျင့်ပါကုန်လိမ့်မယ်" ဟု ဦးသီဟ က လေသံမာမာဖြင့် တုံ့ပြန်လိုက်သည်။
"ကျွန်တော် တကယ် အခက်အခဲ ဖြစ်နေလို့ပါ သူဌေးရယ်… ဒီတစ်ခါ လေးတင်ပါ"
ကိုမြိုင်က ခေါင်းငိုက်စိုက်ကျကာ ထပ်မံ တောင်းဆိုသော်လည်း ဦးသီဟသည် သူ၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်မည့်ပုံ မပေါ်ပေ။ သူ၏ စိတ်ထဲ တွင် "ငါက နိုင်ငံသိအောင် လှူထားတဲ့လူပဲ၊ ဒီလို အသေးအဖွဲ ကိစ္စလေး တွေအတွက် လိုက်ပြီး ခေါင်းရှုပ်ခံစရာ မလိုဘူး" ဆိုသော မာနတရားက နေရာ ယူထားသည်။ နောက်ဆုံးတွင် ဦးသီဟသည် ပိုက်ဆံအိတ်ထဲမှ ငွေအနည်းငယ် ကို ထုတ်ကာ စားပွဲပေါ်သို့ ပစ်ချပေးလိုက်သည်။
"ရော့… ဒါက ငါ့သဘောနဲ့ စွန့်ကြဲလိုက်တာ။ ကုမ္ပဏီငွေ မဟုတ်ဘူး။ ပြန်ဆပ်စရာလဲ မလိုဘူး။ နောက်ဆို ဒီလို လာမပူဆာနဲ့တော့" ဟု ပြောကာ မောင်းထုတ်လိုက်သည်။
ထိုငွေပမာဏသည် ခွဲစိတ်စရိတ်အတွက် လောက်ငမည် မဟုတ်သော် လည်း ကိုမြိုင်က တုန်ယင်နေသော လက်များဖြင့် ကောက်ယူကာ ကျေးဇူးတင် စကား ဆိုပြီး အခန်းထဲမှ ထွက်သွားခဲ့သည်။ တံခါးပိတ်သွားချိန်တွင် ဦးသီဟ သည် သက်ပြင်းချလိုက်ကာ ကုလားထိုင် နောက်ကျောကို မှီချလိုက်သည်။ မိမိကိုယ်ကို အလွန် ဖြောင့်မတ် မှန်ကန်သော စည်းကမ်းရှင်ကြီး တစ်ဦး အဖြစ် သတ်မှတ်လိုက်ပြီး ကိုမြိုင့်ကို စွန့်ကြဲလိုက်သည့် ငွေအတွက်လည်း ကုသိုလ်ရ သည်ဟု သူ၏ မှားယွင်းသော အတွေးများက ပုံဖော်နေပြန်သည်။
ထိုစဉ် လေအေးပေးစက် ဖွင့်ထားသော အခန်းထဲတွင် ထူးဆန်းသော လေပြေအေး တစ်ခု ဖြတ်တိုက်သွားသယောင် ခံစားလိုက်ရသည်။ ဦးသီဟက မျက်လုံးဖွင့်ကာ ရုံးခန်း၏ မှန်ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့် လိုက်သည်။ အပြင်ဘက်တွင် မြို့ပြ၏ အဆောက်အအုံများကို မြင်နေရသော် လည်း မှန်သားပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေသော သူ၏ ပုံရိပ်ကမူ ထပ်မံ ပြောင်းလဲနေပြန်သည်။ မနေ့ညက မှန်တင်ခုံရှေ့တွင် တွေ့ခဲ့ရသော အေးစက် စက် အပြုံးက မှန်သားပြင်ပေါ်ရှိ သူ၏ မျက်နှာပေါ်တွင် ထပ်မံ နေရာ ယူနေ သည်။
ဒီတစ်ကြိမ်တွင်မူ ထိုအပြုံးသည် ပို၍ ထင်ရှားလာပြီး သရော် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။ လူအများရှေ့တွင် သဒ္ဓါတရား ကြီးမား လှပါသည် ဆိုသော သူဌေးကြီးသည် မိမိ မျက်စိရှေ့ရှိ အကူအညီ တကယ် လိုအပ်နေသော ငယ်သား တစ်ဦး၏ အသက်အန္တရာယ်ကိုမူ စည်းကမ်းဆိုသော စကားလုံးနောက်တွင် ဖုံးကွယ်ကာ မျက်ကွယ်ပြုခဲ့လေပြီ။ စစ်မှန်သော ကရု ဏာဆိုသည်မှာ လူမြင်ကွင်းတွင် ပြသရုံ သက်သက် မဟုတ် ဘဲ မည်သူမျှ မမြင်နိုင်သော အချိန်များတွင် ပို၍ အရေးကြီးကြောင်းကို သူ မေ့လျော့ နေခဲ့သည်။
"ဟန်ဆောင်မှုတွေနဲ့ တည်ဆောက်ထားတဲ့ မင်းရဲ့ ကုသိုလ်တရား တွေက သိပ်ကို လှပလွန်းပါတယ်လ…."ဟု ခပ်သဲ့သဲ့ ကြားရလုမတတ် အသံ တစ်သံက သူ၏ နားထဲသို့ တိုးဝင်လာသယောင် ရှိသည်။
ရှိုင်သွာန်၏ ဖြည်းဖြည်းချင်း သွေးဆောင်မှုသည် အလုပ် ဖြစ်နေပြီ ဖြစ်သည်။ ဦးသီဟသည် ကြီးမားသော အပြစ်များကို ကျူးလွန်နေသူ မဟုတ် သော်လည်း ကောင်းမှုကုသိုလ်၏ အနှစ်သာရ ဖြစ်သော "မေတ္တာနှင့် ကရုဏာ" ကို သူ၏ နှလုံးသားထဲမှ တဖြည်းဖြည်းချင်း ဆွဲထုတ်ခြင်း ခံနေရပြီ ဖြစ်သည်။ အပေါ်ယံ ရွှေချထားသော ဘာသာရေး ဝတ်ရုံကို လွှမ်းခြုံထားသော်လည်း သူ၏ ဝိညာဉ်သည် အတ္တနှင့် မာန၏ ကျေးကျွန် အဖြစ်သို့ အပြီးတိုင် ကျ ရောက်သွားပြီ ဖြစ်ကြောင်းကို မှန်ထဲမှ အပြုံးက သက်သေပြနေခဲ့သည်။ ဦးသီဟသည် မျက်စိ စုံမှိတ်ကာ ထိုပုံရိပ်ကို ဖျောက်ဖျက်ပစ်ရန် ကြိုးစား လိုက်သော်လည်း ရင်ထဲတွင် စွဲထင်သွားသော ထိတ်လန့်မှုကမူ တစ်နေကုန် သူ၏ နောက်သို့ အရိပ်သဖွယ် ကပ်ပါနေတော့သည်။