အပိုင်း (၁) - မှန်ထဲမှ အရိပ်

မှန်တင်ခုံရှေ့တွင် ဦးသီဟ မတ်တတ်ရပ်နေသည်။ သူ၏ မျက်နှာ ပေါ် တွင် တည်ငြိမ်မှုနှင့် ကျက်သရေတို့ ကိန်းအောင်းနေသည်ဟု သူကိုယ်တိုင် ယုံကြည်ထားသည်။ ဖြူလွလွ တိုက်ပုံအင်္ကျီက သူ၏ သန့်စင်သော စိတ်ထား   ကို ကိုယ်စားပြုနေသယောင် ရှိသည်။ ယနေ့သည် သူ၏ ဘဝတွင် နောက်ထပ် မှတ်တိုင် တစ်ခု စိုက်ထူမည့်နေ့ ဖြစ်သည်။ မြို့လယ်ခေါင်ရှိ မိဘမဲ့ဂေဟာ အတွက် သိန်းပေါင်းများစွာ လှူဒါန်းမည် ဖြစ်သည်။ ထိုအလှူအတွက် သတင်း စာ၊ ဂျာနယ်များနှင့် ရုပ်သံလိုင်းများက သူ့ကို စောင့်ကြိုနေကြပြီ ဖြစ်သည်။ မှန်ထဲမှ မိမိကိုယ်ကို ကြည့်ရင်း ဦးသီဟ ပြုံးလိုက်သည်။ ထိုအပြုံးသည် ရိုးသားသော ဝမ်းမြောက်မှုလော၊ သို့မဟုတ် အတ္တ၏ ကျေနပ်မှုလော ဆိုသည် ကိုတော့ သူကိုယ်တိုင် မခွဲခြားတတ်ပေ။

သူသည် မြို့ထဲတွင် ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက် အဖြစ် နာမည်ကြီးသည်။ မည်သည့်အခါမျှ နေ့စဉ် ဝတ်ပြုဆုတောင်းမှု(ဆွလားဟ်) များ ကို မပျက်ကွက်ခဲ့ပေ။ သူ၏ မိတ်ဆွေများက သူ့ကို စံပြပုဂ္ဂိုလ် တစ်ဦး အဖြစ် အမြဲ ချီးကျူးလေ့ ရှိကြသည်။ "ဦးသီဟလို လူမျိုး ဒီခေတ်မှာ ရှားတယ် ဟ" ဆိုသော စကားကို ကြားရတိုင်း သူ၏ ရင်ထဲတွင် မဖော်ပြတတ်သော သာယာမှု တစ်ခုကို ခံစားရသည်။ ထိုသာယာမှုသည် အဆိပ်အတောက် တစ်ခုမှန်း သူ သတိမထားမိခဲ့ပါ။ လူတို့၏ ချီးမွမ်းသံများသည် သူ၏ နားထဲ တွင် သာယာသောတေးသွားတစ်ခုကဲ့သို့  ဖြစ်နေခဲ့ပြီ။ သူတစ်ပါးထက် သာလွန် သည် ဆိုသော အသိက သူ၏ နှလုံးသားကို ဖြည်းဖြည်းချင်း လွှမ်းမိုးလာ ခဲ့သည်။ သူသည် အခြားသူများ၏ အားနည်းချက်များကို ကြည့်ကာ သနား သယောင်ယောင်နှင့် မိမိကိုယ်ကို အထင်ကြီးနေတတ်သည်။ ဤသည်မှာ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ကျရောက်နေခဲ့သော ထောင်ချောက်တစ်ခု ဖြစ်သည်။

ခြံထဲတွင် စောင့်ဆိုင်းနေသော ကားပေါ်သို့ တက်လိုက်ချိန်တွင် သူ၏ ကိုယ်ရေးအရာရှိက အစီအစဉ်များကို ရှင်းပြသည်။ ကင်မရာမီးရောင်များနှင့် သတင်းထောက်များ၏ မေးခွန်းများကို သူ ရင်ခုန်စွာ မျှော်လင့်နေမိသည်။ အလှူပေးပွဲ ကျင်းပရာ နေရာသို့ ရောက်သောအခါ လူအုပ်ကြီးက သူ့ကို လှိုက်လှဲစွာ ကြိုဆိုကြသည်။ ပန်းကုံးများ၊ လက်ခုပ်သံများနှင့် ကျေးဇူးတင် စကားများက လေထုထဲတွင် ပဲ့တင်ထပ်နေသည်။ စင်မြင့်ထက်သို့ တက်လှမ်း သွားသော သူ၏ ခြေလှမ်းများသည် လေးနက် တည်ကြည်ဟန် ရှိသော်လည်း ရင်ထဲတွင်မူ မာနတရားက လေလွင့်နေသည်။

အလှူငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို စတင်လိုက်ချိန်တွင် ကင်မရာမီးရောင်များက တဖျပ်ဖျပ် လင်းလက်သွားသည်။ သူ၏ မျက်နှာပေါ် တွင် အနူးညံ့ဆုံးသော အပြုံး တစ်ခုကို ဖန်တီးထားသည်။ သို့သော် သူ၏ စိတ်အာရုံကမူ ဆင်းရဲ နွမ်းပါးသော ကလေးငယ်များထက် မနက်ဖြန် ထွက်ပေါ် လာမည့် ဂျာနယ်မျက်နှာဖုံးနှင့် မီဒီယာစာမျက်နှာများမှ သူ၏ ဓာတ်ပုံများ ကိုသာ ပို၍ မြင်ယောင်နေခဲ့သည်။ ဤသည်ကို သူကိုယ်တိုင်ပင် အပြစ်တစ်ခု ဟု မထင်မှတ်တော့ပေ။ "ငါ လှူတာပဲ၊ သူတို့လဲ အကျိုးရှိတာပဲလေ" ဆိုသော ဆင်ခြေက သူ၏ ဩတ္တပ္ပတရားကို ထုံထိုင်းစေခဲ့ပြီ ဖြစ်သည်။ မိုက်ခရိုဖုန်း ရှေ့တွင် မတ်တတ်ရပ်လိုက်ချိန်တွင် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ သူက ဘာသာရေးအဆုံးအမများကို ကိုးကား၍ ဆွဒကာဟ်အလှူဒါန၏ အကျိုး ကျေးဇူးများကို ဟောပြောသည်။ သူ၏ စကားလုံးတိုင်းသည် သေချာစွာ ရွေးချယ်ထားသော စကားလုံးများ ဖြစ်ပြီး နားထောင်သူတို့၏ နှလုံးသားကို ဖမ်းစားနိုင်သည်။ သို့သော် ထိုစကားလုံးများ နောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ ဖန်ဆင်းရှင်အတွက် သက်သက်လော၊ ပရိသတ်အတွက်လော ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ခန်းမ၏ ထောင့်တွင် ရှိသော အလင်းရောင် ကောင်းစွာ မရောက်သော နေရာတွင် အရိပ်မည်း တစ်ခု ရှိနေသည်ကို မည်သူမျှ သတိမထားမိကြပေ။ ထိုအရိပ်သည် ရုပ်လုံးပေါ်နေသော အရာ မဟုတ်ဘဲ လေထုထဲတွင် စိမ့်ဝင် နေသော ခံစားချက် တစ်ခုသာ ဖြစ်သည်။ လူသားများ၏ ဝိညာဉ်ရေးရာ အားနည်းချက်ကို စောင့်ကြည့်နေသော မျက်စိဖြင့် မမြင်ရသည့် အင်အားစု တစ်ခု၏ တည်ရှိမှု ဖြစ်သည်။ ဦးသီဟ၏ နှုတ်မှ ဘာသာရေးစကားများ ထွက်ကျလာတိုင်း ထိုအရိပ်မှ တိတ်ဆိတ်သော ရယ်မောသံ တစ်ခု ထွက်ပေါ် လာသယောင် ရှိသည်။ လူသားတို့၏ မာနနှင့် ဟန်ဆောင်မှုကို အသေအချာ သိနေသော အရာတစ်ခု၏ လှောင်ပြုံး ဖြစ်သည်။ "မင်း စကားတွေက လှပ ပါတယ် သီဟ၊ ဒါပေမဲ့ မင်းရဲ့ နှလုံးသားကတော့ ငါ့လက်ထဲမှာပါ" ဟု ထိုအရိပ်က တီးတိုး ရေရွတ်နေပုံရသည်။ မမြင်ရသော ထိုအပြုံးသည် ဦးသီဟ ၏ အောင်မြင်မှုများကို လှောင်ပြောင်နေခြင်း မဟုတ်ပေ။ သူ၏ နှလုံးသား ထဲတွင် ပေါက်ဖွားနေသော ဟန်ဆောင်ပြလိုမှုနှင့် အတ္တကို သဘောကျနေခြင်း ဖြစ်သည်။ 

ဦးသီဟသည် သူ၏ ဟောပြောမှုကို အဆုံးသတ်လိုက်သောအခါ လက်ခုပ်သံများက မိုးကြိုးပစ်သကဲ့သို့ ထွက်ပေါ်လာသည်။ သူက ပရိသတ်ကို နှိမ့်ချဟန်ဖြင့် ကျေးဇူးတင်စကား ဆိုသည်။ သို့သော် သူ၏ မျက်လုံးများကမူ သတင်းထောက်များ၏ ကင်မရာများဆီသို့သာ မသိမသာ ရောက်နေခဲ့သည်။ အခမ်းအနား ပြီးဆုံးသွားသောအခါ ဦးသီဟသည် အနားယူရန် သီးသန့် ခန်းထဲသို့ ဝင်လာခဲ့သည်။ အခန်းထဲတွင် သူ တစ်ယောက်တည်း ရှိနေချိန်၌ သူ၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်မှု အပြုံးတစ်ခု ခိုတွဲနေသည်။ ယနေ့ သူ၏ ပုံရိပ်သည် မနက်ဖြန် သတင်းစာ မျက်နှာဖုံးများနှင့် မီဒီယာ စာမျက်နှာများတွင် နေရာယူတော့မည် ဖြစ်သည်။ မြို့မျက်နှာဖုံး သူဌေးကြီး တစ်ဦး၏ သဒ္ဓါတရား ကြီးမားပုံကို လူတိုင်းက ချီးကျူးကြတော့မည်။ ထို့နောက် သူသည် ဆိုဖာ ပေါ်တွင် အပန်းဖြေရန် ထိုင်ချလိုက်ရင်း မျက်လုံးများကို မှိတ်ထားလိုက်သည်။

ထိုအချိန်တွင် အခန်းထဲရှိ လေထုက ရုတ်တရက် အေးစက်သွား သယောင်​  ခံစားလိုက်ရသည်။ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသော အအေးဓာတ်ကြောင့် သူ ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။ သို့သော် အခန်းထဲတွင် မည်သူမျှ မရှိပေ။ နံရံရှိ မှန်ကြီးထဲတွင်တော့ သူ၏ ပုံရိပ်ကို သူ ပြန်မြင်နေရသည်။ အစပိုင်းတွင် အရာအားလုံးက ပုံမှန်အတိုင်းဟု ထင်ရ သည်။ သို့သော် သေချာ ကြည့်လိုက်သောအခါ မှန်ထဲမှ ပုံရိပ်သည် သူနှင့် လုံးဝ မတူနေဟု စိတ်ထဲတွင် ထင်လာသည်။ သူ၏ မျက်နှာသည် တည်ငြိမ်နေ သော်လည်း မှန်ထဲမှ သူ၏ မျက်လုံးများသည် အေးစက်နေပြီး နှုတ်ခမ်းများက ကွေးညွတ်ကာ ပြုံးပြနေသည်။ ထိုအပြုံးသည် သူ့ကို ကြည့်ပြီး သနား သယောင် လှောင်ပြောင်နေသော၊ အလွန်တရာ အေးစက်သော အပြုံး ဖြစ်သည်။ သူ၏ ဟန်ဆောင်မှုများကို ကွက်ကွက်ကွင်းကွင်း သိမြင်နေသော ကြည့်ရှုသူ တစ်ဦး၏ အမူအရာမျိုး ဖြစ်သည်။

ဦးသီဟ လန့်ဖျပ်သွားပြီး မျက်တောင် တစ်ချက် ခတ်လိုက်သည်။ ချက်ချင်း ပြန်ကြည့်လိုက်သောအခါ မှန်ထဲတွင် သာမန် သူ၏ ပုံရိပ်ကိုသာ မြင်ရတော့သည်။ "ငါ ပင်ပန်းနေလို့ စိတ်ထင်သွားတာ နေမှာပါ" ဟု သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ လက်ကိုင်ပဝါဖြင့် နဖူးမှ ချွေးစများကို သုတ်လိုက်ရင်း အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။ သို့သော် ရင်ထဲတွင်မူ မသိမသာ ထိတ်လန့်မှု တစ်ခုက ကိန်းအောင်းသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ကုသိုလ် ကောင်းမှုများသည် အမှန်တကယ် စင်ကြယ်သော ကုသိုလ်များ ဟုတ်လောဟု ပထမဆုံး အကြိမ် အဖြစ် သူ သံသယ ဝင်မိသွားသည်။ လူများ၏ ချီးမွမ်း မှုနောက်သို့ လိုက်နေသော သူ၏ အတ္တကို သူကိုယ်တိုင် ရုတ်တရက် အသိဝင် ကာ ပြန်လည် မြင်ယောင်လာသည်။

ဤသည်မှာ သူ၏ ဘဝတွင် ရှိုင်သွာန်၏ အပြုံးကို ပထမဆုံး အကြိမ် တွေ့လိုက်ရခြင်းပင် ဖြစ်သည်။ ထိုအပြုံးသည် အပြင်ဘက်တွင် ရှိနေသည် မဟုတ်ဘဲ သူ၏ နှလုံးသား အတွင်းရှိ အနက်ရှိုင်းဆုံး နေရာမှ ထွက်ပေါ်လာ ခြင်း ဖြစ်မှန်း သူ မသိခဲ့ပေ။ မာနတရားနှင့် ဟန်ဆောင်မှုများ ဖုံးလွှမ်းနေသော သူ၏ စိတ်ဝိညာဉ်ကို ထိုအပြုံးက အပိုင်စီးထားပြီ ဖြစ်သည်။ အပေါ်ယံ ရွှေချထားသော သူ၏ ဘာသာရေး ကိုင်းရှိုင်းမှု အခွံလွှာ အောက်တွင် အက် ကြောင်းများ စတင် ဖြစ်ပေါ်နေကြောင်းကို သူ သတိမပြုမိသေးချေ။ ဦးသီဟ သည် သက်ပြင်းတစ်ချက် ချလိုက်ရင်း မှန်ထဲမှ သူ၏ မျက်နှာကို စိုက်ကြည့် နေမိသည်။ ပွဲအစသာ ရှိသေးသော ဤလောကီဇာတ်ခုံတွင် သူသည် အနိုင်ရ သူလော၊ သို့မဟုတ် လှည့်စားခံလိုက်ရသော သားကောင်လော ဆိုသည်ကို အချိန်ကသာ သက်သေပြတော့မည် ဖြစ်သည်။ လေထုထဲတွင်မူ မျက်စိဖြင့် မမြင်ရသော ထိုအပြုံးက ဆက်လက်၍ ကိန်းအောင်းနေဆဲပင် ဖြစ်သည်။

3 of 7