အမှာစာ

بسم الله، والحمد لله، والصلاة والسلام على رسول الله وعلى آله وصحبه ومن اهتدى بهداه، أما بعد

ချစ်ရတဲ့ မြန်မာနိုင်ငံမှ လူငယ်မောင်မယ်များဆီ…

နည်းပညာတွေ တိုးတက်လာပြီး ခေတ်ရေစီးကြောင်းတွေ အလွန် မြန်ဆန်လာတဲ့ ဒီခေတ်ကြီးထဲမှာ ကျွန်တော်တို့ လူငယ်တွေဟာ ရုပ်ဝတ္ထု ပိုင်းဆိုင်ရာ ပြိုင်ဆိုင်မှုတွေ၊ လူမှုကွန်ရက်ပေါ်က ပုံရိပ်ယောင်တွေကြားမှာ နေ့တိုင်း ဆိုသလို ရုန်းကန် ဖြတ်သန်းနေကြရပါတယ်။ အဲဒီလို ပြေးလွှားနေ ရတဲ့ လမ်းခရီးမှာ တစ်ခါတစ်ရံ ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်တွေဟာ မွန်းကျပ် ပင်ပန်းလာပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ၊ လောင်ကျွမ်းနေတဲ့ ခံစားချက် တွေနဲ့ အတူ လမ်းပျောက်သွားတတ်ကြပါတယ်။

မြန်မာမွတ်စလင်စာပေလောကမှာ ဘာသာရေးဆိုင်ရာ အသိပညာပေး စာပေတွေ၊ တရားတော်တွေ၊ ကျင့်စဥ်စာအုပ်တွေ အများအပြား ရှိနေပေမဲ့ လူငယ်တွေရဲ့ နေ့စဉ်ဘဝ ဖြတ်သန်းမှု၊ ခံစားချက် အနိမ့်အမြင့်တွေနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး အစ္စလာမ့် သွန်သင်ချက်တွေကို ဇာတ်လမ်းဇာတ်အိမ်နဲ့ အသက် ဝင်စွာ ပုံဖော်ထားတဲ့ "အစ္စလာမ့် ရသစာပေ" ကွက်လပ်ကြီး တစ်ခုဟာ ယနေ့ တိုင် လစ်ဟာနေဆဲ ဖြစ်ပါတယ်။ တရားသေ ဆုံးမစာတွေထက်စာရင် ကိုယ် ချင်းစာတရား၊ အနုပညာရသတွေနဲ့ ပေါင်းစပ်ထားတဲ့ ဇာတ်လမ်း တွေက လူငယ်တွေရဲ့ နှလုံးသားဆီကို ပိုမိုထိရောက်စွာ တိုးဝင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ဒီစာအုပ်လေးဟာ အဲဒီ လစ်ဟာနေတဲ့ ရသစာပေ ကွက်လပ်ကြီးကို တစ်ထောင့်တစ်နေရာကနေ ဖြည့်ဆည်းပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက် ခိုင်ခိုင်မာမာ နဲ့ မွေးဖွားလာတာ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ဇာတ်လမ်းတွေဟာ စိတ်ကူးယဉ် သက်သက် မဟုတ်ဘဲ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ လူ့ သဘာဝတွေကို ကြေးမုံပြင် တစ်ချပ်လို ထင်ဟပ်ပြထားတာပါ။ လူတိုင်းရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတတ်တဲ့ မာန်မာနနဲ့ ပြစားမှု၊ မနာလို ဝန်တိုမှု၊ လောဘ နဲ့ အချိန်ဆွဲခြင်း၊ ဒေါသနဲ့ လက်စားချေလိုစိတ်၊ အတင်းအဖျင်းပြောခြင်း စတဲ့ စိတ်ရဲ့ အညစ်အကြေးတွေကို ဇာတ်ကောင်တွေက တစ်ဆင့် အသက်သွင်း ဖော် ပြထားပါတယ်။

အစ္စလာမ်သာသနာမှာ "ဂျိဟားဒ်" ဆိုတဲ့ စကားလုံးရဲ့ အနက်ရှိုင်းဆုံး အဓိပ္ပာယ်ဟာ ကိုယ့်ရဲ့ မကောင်းတဲ့ စိတ်ဆန္ဒတွေကို ပြန်လည် တိုက်ခိုက် နှိမ် နင်းခြင်းပဲ ဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ ဒီစာအုပ်ကို ဖတ်ရှုနေရင်း ဇာတ်ကောင်တွေရဲ့ အမှားတွေ၊ နောင်တတွေ၊ ရုန်းကန်မှုတွေက တစ်ဆင့် ကိုယ့် ကိုယ်ကိုယ် ပြန်လည် မြင်ယောင်လာပါလိမ့်မယ်။ ရှိုင်သွာန် ခေါ် နတ်ဆိုးရဲ့ သွေးဆောင်မှု ဆိုတာ အပြင်ဘက်က လာတာ မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ အားနည်းတဲ့ စိတ်ခံစားချက်တွေကို အသုံးချပြီး ဝင်ရောက်လာတတ်ကြောင်း သတိပြုမိလာပါလိမ့်မယ်။

လူသားဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာ အမှားနဲ့ မကင်းနိုင်ကြပါဘူး။ ဒါပေမဲ့ အဲဒီအမှားတွေထဲကနေ ရုန်းထွက်ပြီး “စစ်မှန်သော နောင်တ၊ ခန္တီတရား နဲ့ ခွင့်လွှတ်ခြင်း” ဆိုတဲ့ ဝိညာဉ်ရေးရာ ခွန်အားတွေကို ဘယ်လို တည်ဆောက် ရမလဲ ဆိုတာကို ဒီစာအုပ်က လမ်းပြပေးပါလိမ့်မယ်။

ဒီစာအုပ်လေးဟာ မြန်မာနိုင်ငံက လူငယ်တွေအတွက် အပန်းဖြေ ဖတ်ရှုစရာ ရသစာအုပ် တစ်အုပ်သက်သက် မဟုတ်ဘဲ ဘဝရဲ့ အခက်အခဲတွေ၊ စိတ်ဓာတ် ကျစရာတွေနဲ့ ရင်ဆိုင်ရချိန်မှာ အားပေး နှစ်သိမ့်ပေးမဲ့ အဖော်မွန်ကောင်း တစ်ယောက်၊ လမ်းမှားရောက်နေချိန်မှာ သတိပေးမဲ့ မိတ်ဆွေကောင်း တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

စာဖတ်သူတို့ရဲ့ နှလုံးသားမှာ ငြိမ်းချမ်းတဲ့ အလင်းရောင်တွေ ပြည့်လွှမ်းနိုင်ပါစေ။

ဟမ်ဇာဟ်ကျော်စိုး

မုဟရ်ရမ်လ၊၆ရက်၊ ၁၄၄၈ခုနှစ် (ဟစ်ဂျရီ)

ဇွန်လ၊၂၂ ရက်၊ ၂၀၂၆ (ခရစ်နှစ်)

1 of 7